International News

ပြည်တွင်းခရီးသွားစျေးကွက်မြှင့်တင်နိုင်ရန်အတွက် စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း Klook တို့က ပူးပေါင်းဆောင်ရွက်မည်

Last Updated:

စင်ကာပူနိုင်ငံတွင် နေထိုင်သူများက အားလပ်ရက်များ၌ နိုင်ငံအတွင်း စူးစမ်းလေ့လာ လည်ပတ်သွားလာခြင်းတို့ကို ပြုလုပ်လာစေရန်အတွက် စင်ကာပူဒေါ်လာ ၂ သန်း အသုံးပြု၍ ဆွဲဆောင်သွားမည့်အစီအစဉ်ကို စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့နှင့် ခရီးသွားလာရေးကြိုတင် လက် မှတ်မှာယူခြင်းဝန်ဆောင်မှုလုပ်ငန်း Klook တို့က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၄- ၉ - ၂၀၂၀ ရက်နေ့တွင် သတင်းထုတ်ပြန် ထားပြီး၊ ဤအစီအစဉ်သည် ကိုဗစ် ၁၉ ကြောင့် နိုင်ငံတကာ၌ ခရီးသွားလာမှုများကို ထိန်းချုပ်ကန့်သတ်ကြသဖြင့် နိုင်ငံခြားခရီးသည်ဝင်ရောက်မှု ခြောက်ကပ်နေသောကာလအတွင်း စင်ကာပူနိုင်ငံ၏ ပြည်တွင်းခရီးသွားစျေးကွက်မြှင့်တင်နိုင်ရန် အတွက် စင်ကာပူဒေါ်လာ ၄၅ သန်း အသုံးပြုဆောင်ရွက်သွားရန်လျာထားသော "SingapoRediscovers Marketing Campaign" အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း သိရှိရပါသည်။ 

 ၎င်းတို့သည် ဤအစီအစဉ်ကို စက်တင်ဘာလမှစ၍ (၇)လကြာ ပူးပေါင်းဆောင်ရွက်သွားကြ မည်ဖြစ်ပြီး၊ Orchard Road ၊ Chinatown ၊ Civic District နှင့် Katong-Joo Chiat စသည့် နေရာပတ်ဝန်းကျင်တို့တွင် စားသောက်ခြင်း၊ လည်ပတ်ခြင်း၊ အပန်းဖြေခြင်းနှင့် တည်းခိုနေထိုင်ခြင်း အစီအစဉ်များကို ပူးတွဲပြုလုပ်ထားသည့်  အကောင်းဆုံးသောခရီးစဉ်များဖြင့် ဆွဲဆောင်ကာ လုပ်ငန်းများဆက်လက်ရပ်တည်နိုင်ရေးအတွက် ကူညီပေးမည်ဖြစ်ပါသည်။ ထို့ပြင် ခရီးသွား လုပ်ငန်းများမှ ခရီးစဉ်၊ ဝန်ဆောင်မှုနှင့် အတွေ့အကြုံအသစ်များကိုဖန်တီး၍ ဆွဲဆောင်နိုင်စေရန် လည်း ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

Klook ၏ ခရီးသွားဝန်ဆောင်မှုပလက်ဖောင်းပေါ်တွင် ပြည်တွင်းခရီးသွားလာမှုကို မြှင့်တင် ပေးနိုင်သော အစီအစဉ်ပေါင်း ၆၀၀ ကျော်ကို ထည့်သွင်း၍ ဆွဲဆောင်သွားမည်ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းများ၏ ပြန်လည်နာလန်ထူလာမှုအပေါ် အထောက်အကူပြုပေးနိုင်မည်ဟု Klook ၏ စျေးကွက်ရှာဖွေရေးဆိုင်ရာဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ပြီး၊ Klook ၏ ဒီဂျစ်တယ်စျေးကွက် ရှာဖွေနိုင်စွမ်းကိုအသုံးချ၍ ပြည်တွင်း နေထိုင်သူများက စင်ကာပူရှိ ခရီးစဉ်များနှင့် လူမှုဘဝများကို ပြန်လည်စူးစမ်းလေ့လာလာကြစေရန်ဆွဲဆောင်လျက် ပြည်တွင်းခရီးသွား လုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း စင်ကာပူခရီးသွားလုပ်ငန်းဘုတ်အဖွဲ့၏ လက်ထောက်အမှုဆောင်အရာရှိချုပ်က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနို်ငငံ)

သတင်းရင်းမြစ် ။             ။ The Straits Times

 

 

Category: International News